ရုပ်ရှင်ရုံသို့ တကျော့ပြန်
တွင် ရေးသားခဲ့သည်။
ဒီလ(၃)ရက်နေ့တုန်းက ရုပ်ရှင်ရုံမှာ ပြန်ပြီး ရုပ်ရှင်သွားကြည့်ဖြစ်ခဲ့တယ်။ နောက်ဆုံးကြည့်ဖြစ်ခဲ့တာ (၂၀၂၀)ခုနှစ်အစပိုင်း ကိုဗစ်လော့ခ်ဒေါင်းမတိုင်ခင်ကဆိုတော့ ရုပ်ရှင်ရုံမရောက်ဖြစ်ခဲ့တာ (၄)နှစ်နီးပါးရှိသွားခဲ့ပြီ။
တစ်ယောက်ထဲ
မှတ်မှတ်ရရ ရုပ်ရှင်ကို တစ်ယောက်ထဲ ကြည့်ဖူးတာက Spider-Man: Into the Spider-Verse တင်တုန်းကဆိုတော့ (၂၀၁၈)လောက် ဖြစ်မယ်။ အဲ့ဒီတုန်းက မြို့ထဲအပြန် လမ်းကြုံလို့ နေပြည်တော်မှာလား၊ ရှေ့ဆောင်မှာလားတော့ မမှတ်မိတော့ ဝင်ကြည့်ဖြစ်ခဲ့တယ်။ ဈေးပေါတဲ့ အောက်ထပ် stall မှာ လူသိပ်မရှိ။ ထုံးစံအတိုင်း အောက်ထပ်က ထိုင်ရ၊ ကြည့်ရတာ သိပ်တော့အဆင်မပြေလှ။ အပေါ်ထပ်စင်က ပိတ်ကားပြင်ကို ကာနေသလိုမျိုး ခံစားရတယ်။ ခါးအနာခံပြီး နည်းနည်းလျှောကြည့်ရင်တော့ ပိတ်ကားပြင်ကို ရှင်းရှင်းလင်းလင်းမြင်ရတယ်။
ရုပ်ရှင်ကတော့ တော်တော်ကောင်းတယ်။ 2.5D အန်နီမေးရှင်းကိုမှ ရုပ်ပြကာတွန်းဆန်ဆန်စတိုင် လုပ်ထားတော့ ရုပ်ရှင်ကြည့်ရတာ ကာတွန်းစာအုပ်ဖတ်နေသလို ခံစားရတယ်။ အကြိုက်ဆုံးကတော့ အရောင်တွေကို အသုံးပြုထားပုံပါ။ ရုပ်ရှင်ဝေဖန်ရေးသမားတွေ တော်ေတာ်ချီးကျူးပြီး အော်စကာဆုလည်း ရခဲ့တဲ့ကားပါ။ ရုပ်ပြကာတွန်းရုပ်ရှင်တွေကို တစ်ခေတ်ဆန်းစေခဲ့တဲ့တယ်လို့လည်း ပြောလို့ရမယ်။ အဲ့ဒီတုန်းက ရုံကအထွက် တော်တော်သဘောကျလို့ ပီတိဖြစ်ခဲ့ရတဲ့ခံစားမှုမျိုးကို အမှတ်ရနေဆဲ။ ရုပ်ရှင်တစ်ကားကြည့်ပြီး အဲ့ဒီလိုဖြစ်တာ ခပ်ရှားရှားရယ်။ တစ်ယောက်ထဲကြည့်တာမို့လို့ အဲ့လို့ခံစားမိတာမျိုးလည်း ဖြစ်ရင်ဖြစ်မယ်။
Dune ရဲ့ပရိသတ်
Dune ထွက်တုန်းက လူပြောများတာသိပေမဲ့ သာမန်သိပ္ပံစိတ်ကူးယဥ်ကားလို့ပဲတွေးပြီး ကြည့်ဖို့စိတ်မကူးမိလိုက်။ သဲကန္တာရအကြောင်းအခြေခံထားတဲ့ sci-fi ဆိုတော့ ဘယ်မှာလာစိတ်ဝင်စားစရာကောင်းမလဲဆိုပြီးပေါ့။ ဒါပေမဲ့ ဇာတ်ဝင်တေးဂီတကို ကိုယ်အရမ်းကြိုက်တဲ့ Hans Zimmer က ရေးသားတီးခတ်ထားပြီး ဇာတ်ဝင်တေးနဲ့ အော်စကာဆုရတယ်ဆိုတော့ ကြည့်ကြည်ဦးမှဆိုပြီး တော်တော်ကြာမှ ကြည့်ဖြစ်လိုက်တယ်။ ကိုယ်ထင်ထားတာနဲ့ တက်တက်စင်အောင်လွဲခဲ့တာ။ ကြည့်ဖူးသမျှ sci-fi တွေထဲ အထင်ကြီးစရာအကောင်းဆုံးလို့တောင် ပြောလို့ရတယ်။ ဒီလိုနဲ့ ရုပ်ရှင်ကြည့်အပြီးမှာ Dune ရဲ့ lore ကို လေ့လာဖြစ်ပြီး တော်တော်စိတ်ဝင်စားသွားခဲ့ရာကနေ မူရင်းစာအုပ်ဖတ်ဖြစ်တဲ့အထိ ရောက်သွားတယ်။ စာအုပ်က စီးရီးနဲ့ရှိပြီး ပထမဆုံးစာအုပ်ကို ကော်ပီထုတ်ရင်တောင် (၂)သောင်းခွဲလောက်ကျနေလို့ အင်းဝစာအုပ်ဆိုင်မှာပဲ အော်ရီဂျင်နယ်ကို (၃)သောင်း(၉)ထောင်ပေးဝယ်ဖြစ်လိုက်တယ်။ (စာအုပ်ဈေးတွေကတော့ ကြောက်ခမန်းလိလိ။)
ရုပ်ရှင်ရယ်၊ ယူကျုဗီဒီယိုတွေရယ် ကြည့်ထားလို့သာ စာအုပ်ဖတ်ရတာ နည်းနည်းတော်တာ။ အစိမ်းသွားဖတ်မယ်ဆို ဖတ်ရတော်တော်ခက်မဲ့ထဲမှာတော့ပါတယ်။ စာအုပ်ရဲ့ lore အရ ကိုယ်ပိုင်အခေါ်အဝေါ်တွေရှိတာကြောင့် တခါတလေ ဘာကိုပြောနေလဲဆိုတာ နားလည်အောင် တော်တော်ဖတ်ယူရတယ်။ ရုပ်ရှင်အဖြစ်ရိုက်ဖို့ ခက်ခဲလွန်းတယ်လို့ ပြောကြပေမဲ့ ဒီပြန်ရိုက်တဲ့ကားကြည့်ပြီး ဒါရိုက်တာ Denis Villeneuve ရဲ့ပရိသတ်တောင် ဖြစ်သွားတယ်။
တကျော့ပြန်
Dune: Part 2 ရဲ့ထရေလာတွေကြည့်ပြီး ရုံမှာအရမ်းကြည့်ချင်ပေမဲ့ မြန်မာပြည်မှာ မတင်လောက်ပါဘူး၊ ဒီဗီဒီထွက်မှပဲ ကြည့်တော့မယ်ဆိုပြီး မေ့မေ့ပျောက်ပျောက်ထားလိုက်တာ။ နိုင်ငံခြားရောက်နေတဲ့သူငယ်ချင်းတစ်ယောက် ကြည့်ပြီးပြီဆိုတာကို ဖေ့စ်ဘွတ်မှာတွေ့တော့မှ ပိုးပြန်ထသွားတယ်။ ဒါနဲ့ အဲ့ဒီညမှာတင် ဒီမှာ ရုံတင် မတင်ရှာလိုက်တာ ကံကောင်းချင်တော့ ရုံတင်နေရော။ ဒါနဲ့ မနက်ကျရင် မြို့ထဲမှာ သွားဆေးခန်းပြပြီးလို့အပြန် နေပြည်တော်မှာ ဝင်ကြည့်မယ်ဆိုပြီး အစီအစဥ်ဆွဲလိုက်တယ်။ မနက်ကျတော့ ဆေးခန်းမသွားခင် လက်မှတ်သွားပြီး ကြိုဝယ်တယ်။ Demon Slayer လည်း ရုံတင်နေတော့ Dune ကြည့်ပြီးရင် ကြည့်မယ်ပေါ့။ ဖြစ်ချင်တော့ သွားဆရာဝန်က ခရီးလွန်နေလို့ ဆေးခန်းမှာမရှိဘူး။ လက်မှတ်က နေ့လည်ပွဲဝယ်ထားမိလေတော့ မနက်ပွဲနဲ့ပြန်လဲလို့ရလိုရငြား ရုပ်ရှင်ရုံကို အမြန်ပြန်ပြေးရတယ်။ ကံကောင်းချင်တော့ လက်မှတ်က လဲလို့ရတာနဲ့ (၁၀)နာရီပွဲ ကြည့်လို့ရသွားတယ်။
(၁၀)နာရီပွဲက ရုံအကြီးမှာပြတာမဟုတ်ဘဲ အောက်ထပ်က ရုံအသေးမှာ ပြတာ။ အဲ့ဒီရုံအသေးတွေက နည်းနည်းမော်ဒန်ပိုဖြစ်လို့ ထိုင်လို့ သက်တောင့်သက်သာပိုရှိတယ်။ ရုံထဲဝင်တော့ နောက်ဆုံးတန်းနားမှာပဲ လူပြည့်ပြီး အရှေ့ဘက်တွေတော့ ခုံတွေလွတ်နေတယ်။ ဇာတ်ကားမစခင် ဘေးမှာထိုင်တဲ့သူက နေကြာစေ့ကို တဂျွတ်ဂျွတ်နဲ့ စားနေလို့ စိတ်ထဲကြိတ်ပြီး မေတ္တာပို့နေမိတယ်။
Part 2 က ပထမကားလိုပဲ တော်တော်ကောင်းတယ်။ visual ပိုင်းဆိုင်ရာ ပြောစရာမရှိ။ ဇာတ်လမ်းပိုင်းအနေနဲ့ မှီငြမ်းတဲ့စာအုပ်ရဲ့ကျောရိုးဆီကနေ သွေဖယ်မသွားဘဲ ရုပ်ရှင်အဖြစ် လိုက်လျောညီထွေဖြစ်အောင် အကောင်းဆုံးရိုက်ထားနိုင်တယ်လို့ မြင်တယ်။ ရုပ်ရှင်ပြီးခါနီး အရမ်းအပေါ့သွားချင်နေလို့ မနည်းအောင့်ပြီး ကြည့်လိုက်ရလို့ ဇာတ်ရှိန်တော့ နည်းနည်းပျက်သွားရတယ်။ မြန်မာစာတမ်းထိုးလို့ တချက်တချက်တော့ စာကိုသွားသွားဖတ်မိနေလို့ အာရုံနည်းနည်းနောက်တယ်။ ချီးကျူးရမှာက ဘာသာပြန်ထားတာတွေ မဆိုးဘူးလို့ ပြောရမယ်။ စာလုံးတွေများလို့ တချို့နေရာမှာ စာကြောင်းတွေ မျက်နှာပြင်အပြည့် ဖြစ်သွားတာမျိုးရှိလို့ နည်းနည်းရှုပ်သလိုတော့ဖြစ်တယ်။ ခြုံကြည့်ရင်တော့ ရုံမှာကြည့်ရတဲ့အတွေ့အကြုံကိုတော့ နှစ်သက်မိပါတယ်။
Dune က (၁၂)နာရီ မိနစ်(၄၀)လောက်မှာပြီးလို့ ရုံနားက ကြက်ဆီထမင်းဆိုင်မှာ နေ့လည်စာစားပြီး (၁)နာရီမှာ Demon Slayer ဝင်ကြည့်တယ်။ Demon Slayer ကြည့်တဲ့သူက တော်တော်များတယ်။ ရုံအပြည့်နီးပါးလောက်ကို ရှိတယ်။ Anime ကို ရုံမှာကြည့်ဖူးတာ ဒါပထမဦးဆုံးဖြစ်လိမ့်မယ်။ ရုပ်ရှင်က arc တစ်ခုပြီးအောင်တောင်မပြဘဲ တစ်ဝက်တစ်ပျက်နဲ့ ဆုံးသွားတော့ အောင့်သက်သက်ကြီး။ ဂျင်းထည့်ခံရသလိုတောင် ခံစားမိတယ်။
လက်မှတ်ခက တစ်ကားကို (၅)ထောင်ပေးရတယ်။ နေရာကလည်း (၂)ကားလုံးကို C4 မှာပဲကြည့်ဖြစ်တယ်။ အတွဲခုံတန်းရဲ့အရှေ့၊ အလယ်တည့်တည့်နေရာပေါ့။ (၂)တန်းလောက် အရှေ့တိုးကြည့်ရင်တော့ ပိုကောင်းမယ်လို့ စိတ်ထဲထင်မိတယ်။ ဘာပဲပြောပြော တစ်နေ့လုံး ရုပ်ရှင်တွေကြည့်ပြီး တခါတလေ တစ်ယောက်ထဲ ကုန်ဆုံးရတဲ့အချိန်တွေက ပျော်ဖို့တော့ ကောင်းပါတယ်။
အကြိုက်ဆုံးစာရင်း
ရုံမှာကြည့်ဖူးသမျှ အကြိုက်ဆုံးရုပ်ရှင်တွေထဲ မှတ်မိသလောက်ပြောရရင်
- Pacific Rim
- Doctor Strange
- Spider-Man: Homecoming
- Logan
- Spider-Man: Into the Spider-Verse
Spider-Man: Homecoming တုန်းက Dolby Atmos ရုံအသစ်မှာ ကြည့်ရတာမို့လို့ ကြည့်ရတဲ့အရသာတော်တော်ကောင်းတယ်။ အသံစနစ်က ကောင်းလွန်းပေမဲ့ ကျယ်လွန်းလို့ နားအူရတာကိုတော့ မှတ်မိတယ်။ ခု Dune: Part 2 ကိုလည်း အဲ့ဒီစာရင်းထဲ ထည့်ရမယ်။ ဒါပေမဲ့ Into the Spider-Verse ကြည့်ပြီး ထွက်အလာ ရတဲ့ကြည်နူးမှုမျိုးကိုတော့ သိပ်မမီဘူး။ ပြီးခါနီး အပေါ့အရမ်းသွားချင်နေတာကလည်း အဲ့ဒီခံစားမှုကို ပျက်စေတာ ဖြစ်ကောင်းဖြစ်လိမ့်မယ်။