ပဏာမ

တွင် ရေးသားခဲ့သည်။ တွင် နောက်ဆုံးပြင်ဆင်ခဲ့သည်။

ဘလော့ဂ်တစ်ခုရေးဖို့အတွက် စိတ်ကူးနေမိတာ အတော်ကြာခဲ့ပါပြီ။ လုပ်မဲ့သာလုပ်ချင်တာ၊ ရေးစရာရယ်ဆိုပြီး လောက်လောက်လားလား မရှိခဲ့တာကတစ်ကြောင်း၊ အားစိုက်ပြီး အချိန်မပေးဖြစ်တာကတစ်ကြောင်းကြောင့် အကောင်အထည်မပေါ်ခဲ့။

ခုတော့ ရေးစရာ၊ မျှဝေစရာ အကြောင်းအရာ နည်းနည်းပါးပါးရှိလာသလို ဘလော့ဂ်တစ်ခုရေးတင်နိုင်ဖို့ကို (၂၀၂၃)ခုနှစ် တစ်နှစ်စာရည်မှန်းချက်ထဲ ထည့်ထားတဲ့အတွက် မဖြစ်မနေ လက်တွေ့အကောင်အထည်ဖော်မှ ဖြစ်မယ်ဆိုပြီး ကြိုးစားလိုက်မှပဲ အထမြောက်သွားတော့တယ်။

ပြီးခဲ့တဲ့ (၅)နှစ်ကျော်ကြာကာလ လုံးလည်ချာလည်လိုက်ရင်း အချိန်တွေ ဘယ်လိုကုန်ဆုံးမှန်းမသိ ကုန်ဆုံးသွားခဲ့ရတယ်။ သင်ရတဲ့ကျောင်းစာတွေမှာလည်း စိတ်ကမဝင်စား၊ စာမေးပွဲတွေလည်း တဘုန်းဘုန်းကျ၊ တစ်နှစ်တစ်နှစ် ပြန်ပြန်တက်ရနဲ့ ရှေ့မတက်၊ ကိုယ့်ဘာသာကိုယ် ဘာလုပ်လို့ ဘာကိုင်ချင်မှန်းလည်း ရေရေရာရာမသိ။ ဆယ်ကျော်သက်ဘဝ ပြီးခါစလောက်က စိတ်ဓာတ်တက်ကြွခဲ့ပြီး လုပ်ချင်ကိုင်ချင်စိတ်တွေ ရှိခဲ့သလောက် လွန်ခဲ့တဲ့(၅)နှစ်လောက်ကစပြီး စိတ်တွေလေးလံထိုင်းမှိုင်း၊ တက်တက်ကြွကြွဖြစ်ခဲ့တဲ့စိတ်တွေ ဘာတစ်ခုမှ မရှိတော့။ ခုချိန်မှာတော့ အသက်(၂၀)ဝန်းကျင်လောက်ကအတိုင်း မဟုတ်ရင်တောင် အဲ့ဒီနီးပါးလောက် စိတ်ဓာတ်တက်ကြွမှုမျိုး ပြန်ရသလို ခံစားမိတယ်။ ဒီဘလော့ဂ်ကို ဖန်တီးရတာလည်း လုပ်ချင်ကိုင်ချင်စိတ်ရှိတုန်းလေး ခြေလှမ်းတစ်လှမ်း စလှမ်းလိုက်တဲ့ သဘောမျိုးဆိုရင်လည်း မမှားပါဘူး။

စာရေးတာကတော့ အလွန်ညံ့ပါတယ်။ ဖွဲ့ဖွဲ့နွဲ့နွဲ့နဲ့ ဖတ်ကောင်းအောင် လုံးဝမရေးတတ်ပါ။1 စာရေးတာအပြင် စကားပြောအရာမှာလည်း မထူးချွန်ပါ။ ရင်းနှီးတဲ့သူငယ်ချင်းတွေနဲ့ကလွဲရင် သူစိမ်းတွေနဲ့ ပြောရပြီဆို လိပ်ပတ်လည်အောင် မပြောနိုင်တော့။ အကြံပေးတာတစ်ခုဖတ်ဖူးတာကတော့ စကားပြောကျွမ်းကျင်ချင်ရင် စာရေး တဲ့။ ဒီတော့ ဒီဘလော့ဂ်ကို ဖန်တီးခြင်းကပဲ ကိုယ်မကျွမ်းကျင်တဲ့အရာ(၂)ခုကို တစ်ခါတည်းနဲ့ အလေ့အကျင့်ရသွားစေလိမ့်မယ်လို့ ထင်မိပါတယ်။

ရှင်းရှင်းပြောရရင်တော့ အရင်ထဲက ကိုယ့်အကြောင်းကိုယ် ပြောရမှာ ဝန်လေးတဲ့သူဆိုတော့ (အရင်းနှီးဆုံးသူငယ်ချင်းတွေကိုတောင် ရင်ဖွင့်ခဲပါတယ်၊ သူတို့ပြောတာတွေကိုပဲ နားထောင်ပေးရတာများတယ်၊) အရမ်းကိုယ်ရေးကိုယ်တာဆန်တာတွေ ရေးတင်ဖို့တော့ မရှိပါဘူး။ အဓိကကတော့

စတဲ့ရည်ရွယ်ချက်တွေဆီ ဦးတည်ရေးဖို့ပဲ စိတ်ကူးပါတယ်။ ခရီးထွက်ဖြစ်ရင်လည်း ခရီးသွားအတွေ့အကြုံအကြောင်း အနည်းငယ်ရေးဖြစ်ကောင်း ရေးဖြစ်နိုင်ပါတယ်။ သေချာတာကတော့ အပေါင်းလက္ခဏာဆောင်တဲ့ဘက်မျိုးပဲ သွားဖို့များပါတယ်။ ကိုယ်တိုင်လည်း အရာအားလုံးကို အကောင်းမြင်တတ်ဖို့ ကြိုးစားနေတာကြောင့်ပါ။

ဒီဘလော့ဂ်ရေးတာက တွန်းအားတစ်ခုအနေနဲ့ အကူအညီပေးမယ်လို့လည်း ထင်မိတယ်။ ဘာလို့လဲဆိုတော့ ကိုယ်ပြောထား၊ ရေးထားတာတွေက အင်တာနက်မှာ မှတ်ကျောက်တင်သလို ဖြစ်နေပြီ၊ တကယ်လက်တွေ့ကျ ပုံမပေါ်လာရင် လူကြားထဲအရှက်ကွဲမှာဆိုတော့ ကြိုးစားပြီး တွန်းလုပ်မှရတော့မယ်ဆိုတဲ့အသိ ဝင်သွားမှာ သေချာတာကြောင့်ပါ။

ရှေ့ (၁)နှစ်၊ (၅)နှစ်၊ (၁၀)နှစ်၊ အကြာကြီးနေလို့ အတိတ်စာမျက်နှာကို ပြန်လှန်ကြည့်တဲ့အခါ ဒီနေရာကို အစအဖြစ် အမှတ်အသားလုပ်ထားပါတယ်။ ဒီနေရာက အခြေအနေကို အခြေခံစံနှုန်းအနေနဲ့ သတ်မှတ်ပြီး ကိုယ့်ကိုကိုယ် တိုးတက်သွားလား၊ ဆုတ်ယုတ်သွားလား ပြန်သုံးသပ်တဲ့အခါ ပိုကောင်းတဲ့လူသားတစ်ယောက် ဖြစ်လာဖို့ကိုပဲ မျှော်လင့်မိပါတယ်။


  1. အထက်တန်းတုန်းက မြန်မာစာဆရာကြီး ဦးမောင်မောင်ဦးကျေးဇူးကြောင့်သာ စာစီစာကုံးကို အစီအစဥ်ကျကျ၊​ ဘောင်ဝင်ဝင်၊ လိုရင်းတိုရှင်းဖြစ်အောင် ရေးတတ်နိုင်ခဲ့တာ။ ခုဘလော့ဂ်ရေးရင်လည်း (၁၀)တန်းတုန်းက စာစီစာကုံးရေးခဲ့တဲ့ ပုံစံအတိုင်းပဲ ရေးပါတယ်။