နောက်တစ်နှစ်လည်း ဒီလိုပဲသွားဦးမလား
တွင် ရေးသားခဲ့သည်။
နှစ်သစ်ကူးလို့ ၂၀၂၅ ခုနှစ်ရဲ့ ပထမဆုံးနေ့ကို ရောက်ခဲ့ပြီ။
ဒီဘလော့ဂ်ကို ၂၀၂၃ ဒီဇင်ဘာလလောက်က စတင်ဖြစ်တယ်။ တစ်လကို အနည်းဆုံးဘလော့ဂ်တစ်ပုဒ်လောက်တော့ ရေးမယ်ဆိုပြီး လုပ်ခဲ့တာ။ တစ်နေ့ပြီးတစ်နေ့၊ တစ်လပြီးတစ်လသာ ကူးသွားတယ်။ မလုပ်ဖြစ်ခဲ့ဘူး။ ရေးဖြစ်တာလေးတွေရှိပေမဲ့ တင်ပြီးမှ မကြိုက်လို့ ဖျက်ပစ်လိုက်တာတွေလည်း ရှိတယ်။ ဒါနဲ့ ဒီရည်မှန်းချက်ကို ၂၀၂၅ မှာ အထမြောက်အောင် အကောင်အထည်ပြန်ဖော်ကြည့်မယ်လို့ စဥ်းစားရင်း ဒီစာကို ရေးလိုက်တယ်။
၂၀၂၄ ခုနှစ်ကို ပြန်သုံးသပ်ကြည့်ရရင် ဟိုဟာလုပ်မယ်၊ ဒီဟာလုပ်မယ် ကြုံးဝါးခဲ့တာတွေတော့ ရှိခဲ့တယ်။ ဒါပေမဲ့ လေထဲပဲ ပျောက်သွားတာများတယ်။ တစ်လကို စာအုပ်တစ်အုပ်ဖတ်မယ် အားခဲခဲ့ပေမဲ့ စာအုပ်ကိုင်ဖို့ဝေးစွ ဖုန်းနဲ့ကွန်ပျူတာမှာ ယူကျုကြည့်ပြီးပဲ အချိန်ကုန်နေခဲ့တယ်။ မှတ်မိသလောက် Dune တစ်အုပ်တော့ ဖတ်ပြီးတယ်။ ဖတ်လက်စဖြစ်နေတာက 'မြန်မာပြည်မှ အမြောက်စစ်သားများ'နဲ့ ဒေါက်တာသန်းထွန်းရဲ့ 'ခေတ်ဟောင်းခေတ်သစ်ရာဇဝင်'။ ဝသုန်နဲ့ တိုင်ပင်ထားတဲ့ လုပ်ငန်းပိုင်းကလည်း ကိုယ်ရေးနေတဲ့ app က အီးလေးအားလေးဆွဲနေတော့ ရှေ့မရောက်ဘူး။ ဒါပေမဲ့ နိုဝင်ဘာလကုန်ပိုင်းလောက်ကစပြီး နည်းနည်းစိတ်ပြန်ပါလာလို့ အချိန်ပေးပြီး လုပ်ဖြစ်နေတာ ခုတော့(၂၅)ရာခိုင်နှုန်းလောက် ရှိနေပြီတော့ ပြောရမယ်။ ဂျပန်သွားဖို့က အလုပ်တွေလျှောက်နေတဲ့ကြားကနေ ပြည်ပထွက်ခွါခွင့်ပိတ်လိုက်တော့ အဲ့ဒီအပိုင်းက ရပ်သွားတယ်။ ဒါနဲ့ ပြန်စဥ်းစားကြည့်တော့ သွားဖို့အတွက် ကျောင်းနဲ့ထွက်ဖို့ကလွဲပြီး တခြားလမ်းမရှိတော့ဘူး။ ကျောင်းက ရှင်းရှင်းပြောရရင် တက်တော့မတက်ချင်ဘူး။ ၂၀၂၅၊ ၄ လပိုင်းအသုတ်ပဲ ရတော့လို့ လျှောက်လိုက်တာ လွယ်လွယ်နဲ့တော့ ဝင်ခွင့်ရပါတယ်။ စာရွက်စာတမ်းကိစ္စတွေ၊ ပတ်စပို့ကိစ္စတွေ၊ ဘဏ်ကိစ္စတွေနဲ့တော့ တော်တော်ရှုပ်လိုက်တယ်။ ခုထိတော့ ဂျပန်လဝကဘက်က စစ်နေတယ်တော့ပြောတယ်။ COE ကျဖို့တွေ၊ visa ရဖို့တွေ လုပ်ရမဲ့အဆင့်တွေတော့ အများကြီးကျန်သေးတယ်။ နိုင်ငံခြားမသွားရသေးခင် တရားစခန်းဝင်ပြီး လေလွင့်နေတဲ့စိတ်တွေကို ပြန်စုစည်းဖို့ ရည်ရွယ်ခဲ့ပေမဲ့ အထမမြောက်ခဲ့ဘူး။
အကောင်းဘက်က ပြန်ကြည့်ရင်တော့ (၄)လပိုင်းလောက်ကစပြီး အလေးပြန်မ၊ လေ့ကျင့်ခန်းပြန်လုပ်ဖြစ်တယ်။ ဒါကိုတော့ အချိန်အတော်လေး ပေးပြီး ပုံမှန်လုပ်ဖြစ်တယ်။ ပရိုတင်းတွေပါသောက်ပြီး စားချိန်မှန်၊ အိပ်ချိန်မှန်အောင် ပြန်လုပ်ဖြစ်တယ်။ ဒါတောင်မှ (၈)လပိုင်း၊ (၉)လပိုင်းလောက်ကစပြီး ဂိမ်းဆော့လို့ အိပ်ချိန်မမှန်တာတွေ ပြန်ဖြစ်နေတာ။ နှစ်သစ်ကူးညတောင် သန့်လင်းသိမ်းနဲ့ ဂိမ်းအတူဆော့ပြီး မနက်(၄)နာရီထိုးမှ အိပ်ဖြစ်တယ်။ (ဒါတောင် မနက် အဖေဆေးရုံသွားပြီး CT ရိုက်စရာရှိလို့ အိပ်လိုက်တာ။ နို့မို့ဆို ဆက်ဆော့ဖြစ်နေဦးမှာ။) တစ်ခါမှ မရောက်ဖူးတဲ့ rank (Legend IV) ရောက်ဖူးသွားတယ်။ တစ်ဖက်ကျတော့လည်း body build လုပ်နေတာကို ထိခိုက်တယ်။ အိပ်ချိန်ထိခိုက်တော့ ခန္ဓာကိုယ်တက်သင့်သလောက် မတက်တော့ဘူးလို့ ထင်မိတယ်။ ကိုယ်အလေးချိန် ၁၅၅ ပေါင်၊ bench press မှာ တစ်ဖက် ၁၅ ကီလို၊ squat မှာလည်း တစ်ဖက် ၁၅ ကီလိုစီတော့ မ နိုင်နေပြီ။ အရင်က အိပ်ချိန်မမှန်လို့ ဝက်ခြံအနာရွတ်တွေနဲ့ ပြည့်နေတဲ့ မျက်နှာကို သေချာ skin care လုပ်လိုက်တာ အနာရွတ်တွေတော်တော်လျော့သွားတယ်။ ဒါတောင်မှ ခုတစ်လ၊ နှစ်လ အိပ်ချိန်မမှန်လို့ အဖုတွေ နည်းနည်းပြန်ထွက်လာတယ်။
၂၀၂၄ ခုနှစ်ထဲ ကလော၊ အင်းလေး၊ တောင်ကြီးကို တစ်ယောက်ထဲ ခရီးထွက်ဖြစ်ခဲ့တယ်။ ပြင်ဦးလွင်နဲ့ မန္တလေးကို လမင်းလွင်နဲ့ သွားဖြစ်ခဲ့တယ်။ နေပြည်တော်က ပတ်စပို့လုပ်ဖို့သွားတာ နေ့ချင်းပြန်ဆိုတော့ ဘယ်မှတော့ မရောက်ဖြစ်လိုက်ဘူး။
မနှစ်က အားအရဆုံးဖြစ်လိုက်တာတော့ အမေ့မွေးနေ့ လုပ်ပေးဖြစ်လိုက်တာ။ နှစ်တိုင်း အမေ့မွေးနေ့ဆိုရင် ကျော်သွားပြီးမှ သတိရတတ်လို့ ဒီနှစ်ကို သေချာမှတ်မှတ်ရရလုပ်ဖို့ စိတ်ကူးထားတာ။ အမေ့ကို ကြိုမပြောထားပဲ မနက်ရောက်မှ မနက်စာသွားစားမယ်ဆိုပြီး အမေသွားချင်နေတဲ့ Sika Lounge ကို ခေါ်သွားတာ။ (ဒါတောင်မှ အဲ့ဒီမနက် အိပ်ရာထကလည်းနောက်ကျ၊ အမေကလည်း ဈေးသွားနေတော့ မသွားဖြစ်လိုက်ဘူးတောင် ထင်တာ။) မြေနီကုန်းက Red Hill Tower ထိပ်ဆုံးမှာ ရှုခင်းကတော့ တော်တော်လှတယ်။ အဲ့နေ့မနက် ဆိုင်မှာလည်း တစ်ယောက်မှ မရှိတော့ တစ်ဆိုင်လုံးငှားထားသလိုလိုတောင် ဖြစ်နေသေး။ အမေလည်း ပျော်မယ်လို့တော့ ထင်တယ်။ နေ့လည်ကျတော့ ယုယုမှာပေးထားတဲ့ ပန်းစည်းနဲ့ ကိတ်မုန့်ယူပြီး အိမ်မှာ မွေးနေ့ပွဲလည်း လုပ်ပေးဖြစ်လိုက်တယ်။ အဖေဆေးရုံတက်တာ ဇန်နဝါရီမှာ တစ်ခါ၊ အောက်တိုဘာမှာ တစ်ခါ။ စိတ်အခန့်မသင့်လို့ ကတောက်ကဆဖြစ်တာတွေ ရှိပေမဲ့လည်း လိုက်လုပ်ပေးလိုက်ရလို့ ကျန်းကျန်းမာမာဖြစ်သွားတော့လည်း စိတ်သက်သာရာ ရမိပါတယ်။
ပြန်စဥ်းစားကြည့်တော့ လုပ်ဖြစ်ခဲ့တာတွေအများကြီးရှိပေမဲ့ ကိုယ့်ဘာသာကိုယ် အားမရတာတော့အမှန်။ personal development အပိုင်းမှာ ရုပ်ပိုင်းဆိုင်ရာအရတိုးတက်မှုရှိတယ်လို့ ထင်မိတယ်။ စိတ်ပိုင်းဆိုင်ရာအရ ကိုယ့်ကိုကိုယ် ယုံကြည်မှုက နှစ်လယ်ပိုင်းလောက်မှာ အမြင့်ဆုံးဖြစ်နေပေမဲ့ (ယုံကြည်မှုတွေ ဇွတ်ရှိနေလို့ ဒီလိုအခြေအနေကြီးမှာ တစ်ယောက်ထဲ ခရီးသွားခဲ့တာပဲကြည့်) အဲ့တာကို အသုံးဝင်မဲ့နေရာမှာ ကောင်းကောင်းအသုံးမချနိုင်ခဲ့လိုက်ဘူးလို့တော့ ထင်မိတယ်။ အချိန်ဖြုန်းနေတာများတယ်။ ဒီနိုင်ငံမှာ မီးပျက်တာက productivity ကို ထိခိုက်တယ်ဆိုပေမဲ့လို့ အဲ့ဒါကို အပြစ်လုပ်ပြီး ပျင်းနေတာက များတယ်။ တကယ်တမ်းက ကြိုးစားချင်ရင် ဆင်ခြေတွေ ပေးနေလို့ရတာမှ မဟုတ်ပဲလေ။
ဆိုတော့ မပြည့်ခဲ့တဲ့ရည်မှန်းချက်တွေ၊ ကုန်ဆုံးခဲ့တဲ့အချိန်တွေကို ၂၀၂၄ မှာထားခဲ့လို့ ၂၀၂၅ မှာ ကိုယ့်ကိုကိုယ် ဘယ်လိုမြင်ချင်လဲ၊ ဘယ်လိုဆုံးမချင်လဲ ပြောရရင်တော့
အရေးမကြီးတာတွေမှာ လုပ်အားကိုလျှော့ပြီး အရေးပါတာတွေကို ဂရုစိုက်ပါ။
ညညစောစောမအိပ်ဘဲ rank တင်နေတာထက်စာရင် အိပ်ရေးဝအောင်အိပ်၊ အားရှိအောင်လုပ်ပြီး energy ကို ပိုအကျိုးရှိမဲ့နေရာတွေမှာ (စာဖတ်တာဖြစ်ဖြစ်၊ အင်္ဂလိပ်စာ၊ ဂျပန်စာ ပြန်လေ့လာတာတွေဖြစ်ဖြစ်) အသုံးချလိုက်တာ ပိုကောင်းလိမ့်မယ်။
ကိုယ်ရှေ့ရေးအတွက် အုတ်မြစ်ချပါ။
ခက်တာက ခုချိန်မှာက ဘာမှပြောလို့မရတာ။ ဂျပန်သွားဖို့က လမ်းခုလတ်ရောက်နေပေမဲ့ အဆင်မပြေတာလည်း ဖြစ်ချင်ဖြစ်သွားနိုင်တယ်။ ဂျပန်ကလည်း သွားဖို့လုပ်နေတာ ကြာပြီမို့လို့သာ ဆက်လုပ်ရတာ။ တကယ်တမ်း အမေရိကဖြစ်ဖြစ်၊ ဥရောပဖြစ်ဖြစ် ပိုသွားချင်မိနေတယ်။ အဲ့ဒီလို target ပြောင်းဖို့ကလည်း ချက်ချင်းကြီး မဖြစ်နိုင်ဘူး။ DV တောင် ဒီနှစ် ပထမဦးဆုံးအကြိမ်အနေနဲ့ စမ်းထိုးဖြစ်သေးတယ်။ နိုင်ငံအခြေအနေကြောင့်သာ သွားရတာ၊ အကြာကြီးလည်း သွားမနေချင်မိ။ မျက်စိပွင့်၊ နားပွင့်ဖြစ်ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်တဲ့ အခြေအနေရောက်ရင် သွားချီပြန်ချီပဲ နေချမိတယ်။ ဘယ်နိုင်ငံမှ မသွားဖြစ်ဘဲ ဒီမှာပဲသောင်တင်နေတာလည်း ဖြစ်ချင်ဖြစ်မယ်။ ဘာပဲဖြစ်ဖြစ် တစ်ခုမဟုတ်တစ်ခုအတွက် သေချာတဲ့ အုတ်မြစ်ပုံစံမျိုးတော့ ချနိုင်အောင် ကြိုးစားမယ်။ ကိုယ့်ထိန်းချုပ်မှုအောက်မှာ မရှိတဲ့ နိုင်ငံရေးကိစ္စတွေ၊ စစ်မှုထမ်းကိစ္စတွေနဲ့ အများကြီး မပူပန်မိအောင် စိတ်ကိုပိုင်းဖြတ်ထားတယ်။
လူမှုဆက်ဆံရေးစွမ်းရည် တိုးမြှင့်ပါ။
အမှန်အတိုင်းပြောရရင်တော့ ဘယ်သူနဲ့မှ မဆက်ဆံဘဲ ကိုယ့်ဘာသာကိုယ် အခန်းထဲမှာ ပိတ်နေရတာတော့ အကြိုက်ဆုံးပဲ။ ဒါပေမဲ့ လူဆိုသည်မှာ လူမှုဆက်ဆံရေးသားကောင် မဟုတ်ပေလော။ တစ်ယောက်ထဲထက် လူမှုအသိုက်အဝန်းထဲနေမှ လုပ်ဆောင်လို့ရတဲ့ကိစ္စတွေ ရှိနေပြန်တော့ လူမှုဆက်ဆံရေးကို ပစ်ပယ်လို့က မရဘူးလေ။ လူတကာနဲ့ ပေါင်းတတ်သင်းတတ်အောင် လုပ်ထားနိုင်မှပဲ။
အမြင်ကျယ်အောင် ကြိုးစားပါ။
ကိုယ့်ကိုကိုယ်ဟုတ်လှပြီ၊ ကိုယ့်ရဲ့အမြင်တွေ မှန်ကန်လှပြီလို့တော့ ထင်တတ်တာပဲ။ ဒါပေမဲ့ တခြားလူတွေရဲ့အသံတွေ နားထောင်ကြည့်မှ သူတို့မြင်တဲ့အတိုင်း မြင်ပြီး ဒါလည်း ဖြစ်နိုင်တာပဲလို့ တွေးတတ်လာတယ်။ အဓိကကတော့ ကိုယ်ချင်းစာစိတ်ပဲ။ ကိုယ်ချင်းစာစိတ်ထားနိုင်မှပဲ တဖက်သားရဲ့ခံစားချက်ကို နားလည်နိုင်မယ်၊ လက်မခံနိုင်ရင်တောင်မှ သူဘာလို့ဒီလိုတွေးတာလဲ၊ မြင်တာလဲ ဆိုတာကို ယဥ်ယဥ်ကျေးကျေး သဘောထားကွဲလွဲနိုင်မယ်။ လူတိုင်းအပေါ် ကိုယ်ချင်းစာစိတ်ထားနိုင်အောင်တော့ ကြိုးစားရဦးမယ်။
ဘာတွေလုပ်ဖို့ ရည်ရွယ်ထားလဲဆိုရင်
- အင်္ဂလိပ်စကား ပိုပြောနိုင်အောင်လုပ်မယ်။ ဂျပန်စကား ပိုပြောနိုင်အောင်လုပ်မယ်။ (စပိန်စကားနဲ့ တရုတ်စကား အခြေခံပိုင်အောင်တော့ လုပ်ချင်တယ်။ အဲ့ဒါလည်း မနှစ်က လုပ်မယ်ဆိုပြီး မလုပ်ဖြစ်။ ဒီနှစ်ထဲတော့ လောဘမကြီးတော့ဘူး။ အင်္ဂလိပ်နဲ့ဂျပန်ကိုပဲ ဦးစားပေးလိုက်မယ်။)
- လုပ်ငန်း သူ့ဟာနဲ့သူ လည်ပတ်နိုင်အောင် လုပ်မယ်။ (လုပ်ငန်းက စာရွက်ပေါ်မှာပဲ ရှိနေသးတယ်။ မြေပြင်မှာ အသက်ဝင်အောင် လုပ်မယ်။)
- လေ့ကျင့်ခန်းကို ပုံမှန် ဆက်လုပ်မယ်။ (မနှစ်က တစ်နှစ်လုံး ထုတင်နေတော့ cardio သိပ်မလုပ်ဖြစ်ဘူး။ ဒီနှစ်ထဲ တစ်ပတ်ကို အနည်းဆုံးတစ်ရက်တော့ cardio လုပ်မယ်။)
- ဒီဘလော့ဂ်ကို တစ်လအနည်းဆုံးတစ်ခါ update နိုင်အောင် လုပ်မယ်။
ရည်မှန်းချက်တွေ အများကြီးထားပြီး မလုပ်ဖြစ်တာထက်စာရင် နည်းနည်းလေးကိုပဲ ဖြစ်အောင်လုပ်နိုင်လိုက်တာ ပိုကောင်းတယ်။ ဒီနှစ်ထဲ productive ဖြစ်ပြီး လက်ဆုပ်လက်ကိုင်ပြစရာလေးတွေ ကျန်မယ်တော့ မျှော်လင့်တယ်။