နောက်ကွယ်နည်းပညာ
ဒီဘလော့ဂ်ကို ဘယ်နည်းပညာတွေ သုံးပြီး ဖန်တီးထားလဲ နည်းနည်းရှင်းပြပေးပါမယ်။
ပထမဆုံး ပေါ့ပေါ့ပါးပါးနဲ့ ဆိုဒ်သေးအောင် static ပဲ သွားမယ်လို့ စိတ်ကူးလိုက်တယ်။ static လုပ်လိုက်လို့ အကျိုးကျေးဇူးတွေ အများကြီးထွက်လာသလို ယုတ်လျော့သွားတာတွေလည်း ရှိတယ်။ ဥပမာ ကောမန့်ပေးတဲ့အပိုင်းမျိုးပေါ့။ static လုပ်လိုက်လို့ ကောမန့်ပေးလို့ရတဲ့ ဖန်ရှင်ထည့်လို့တော့ မရတော့ဘူး။ နောက်မှ third party plug-in တစ်ခုခုသုံးမလား၊ ကိုယ့်ဘာသာကိုယ် cloud function ရေးပြီး integrate လုပ်ဖြစ်မလား စဥ်းစားပါဦးမယ်။
static လုပ်မယ်ဆိုတော့ နာမည်ကြီး framework ဖြစ်တဲ့ hugo ကို သုံးဖို့ သတိရမိတယ်။ ဒါပေမဲ့ တစ်ခါမှ မသုံးဖူးတဲ့ framework ဖြစ်လို့ documentation ဖတ်ရမှာ ပျင်းသလို ကိုယ်လိုချင်တဲ့ ပုံစံရောက်အောင် လုပ်ဖို့ဆိုရင် သုံးထားတဲ့ language ဖြစ်တဲ့ ruby နဲ့လည်း စိမ်းတော့ တခြားပြောင်းစဥ်းစားရတယ်။ ဒါနဲ့ ကိုယ်နဲ့ ရင်းနှီးကျွမ်းဝင်တဲ့ python က lektor ကိုပဲ သုံးဖြစ်တယ်။ lektor က cms အသေးစားပုံစံမျိုးလည်းပါတော့ ပိုအဆင်ပြေတယ်။ ထွက်လာတဲ့ ဖိုင်တွေကတော့ lr ဆိုတဲ့ format နဲ့ထွက်ပေမဲ့ markdown ဖိုင်အတိုင်းပဲ ပြင်ရလွယ်ပါတယ်။ cms မသုံးဘဲ ဖိုင်တွေကိုပဲ တိုက်ရိုက်ပြင်လို့ရပါတယ်။ ပြီးတာနဲ့ build လုပ်လိုက်ရင် html ဖိုင်တွေ ထွက်ပါတယ်။
frontend ကိုလည်း ဆိုဒ်ကျုံ့နိုင်သမျှ ကျုံ့အောင် ဘာ framework မှ သုံးမထားပါဘူး။ ကိုယ်က ဒီဇိုင်းပိုင်းညံ့တဲ့အတွက် css ကိုတော့ ရုပ်ထွက်လှတဲ့ tailwind ကိုပဲသုံးပါတယ်။ tailwind ကြောင့် တော်တော်အလုပ်ဖြစ်ပါတယ်။ ဒီလိုဘလော့ဂ်မျိုးဆိုရင် (၁)ရက်ထဲနဲ့တောင် အမြန်လုပ်လို့ရပါတယ်။ javascript ကိုတော့ မလိုအပ်ဘဲ ဘယ်နေရာမှမသုံးဘူးဆိုပြီး သန္နိဋ္ဌာန်ချထားတာတောင် dark mode ပြောင်းဖို့နဲ့ နေ့စွဲကို မြန်မာလိုပြောင်းဖို့ သုံးလိုက်ရသေးတယ်။
hosting ပိုင်းကတော့ cloudflare ရဲ့ pages မှာပဲ html ဖိုင်တွေကို တင်ထားလိုက်ရုံပါ။ free tier ထဲလည်း အကျုံးဝင်တဲ့အတွက် ငွေကုန်ကြေးကျမရှိပါ။ cloud service တွေရဲ့ အားသာချက်ကတော့ အစောပိုင်းစမ်းသပ်ချင်ရင်ဖြစ်ဖြစ်၊ ကိုယ့်ဝက်ဘ်ဆိုက်ကို လူသိပ်မဝင်ကြည့်သေးရင်ဖြစ်ဖြစ် အခမဲ့ရနိုင်တာမျိုးပါ။ static ဝက်ဘ်ဆိုက်ဖြစ်တဲ့အတွက် dynamic လိုမျိုး ဆာဗာငှားခ ပုံသေပေးရတာမျိုးလည်း မရှိတော့တဲ့ အားသာချက်ရှိပါတယ်။
တကယ်လို့ ကြားထဲမှာ တခြားဝန်ဆောင်မှုတွေ ပြောင်းသုံးဖြစ်ရင်လည်း ဒီစာမျက်နှာကို update လုပ်ပါဦးမယ်။